welcome from johnoopower. blogspot.com....welcome from Thein Zaw Oo blogspot.com....welcome from Thein Zaw Oo blogspot.com....မင်္ဂလာပါ။ ဒီဘလော့ဂ်က ကျနော် လေ့လာ မှတ်သား ထားသော နည်းပညာ အကြောင်း တွေ၊ကျနော် စုစည်း ထားတဲ့ ကိုယ် ပိုင် မှတ်စုလေး တခု သာ ဖြစ်ပါတယ်။ လာလည် သူ မိတ်ဆွေ များ ကိုယ် စိတ်နှလုံး ရွှင် လန်းကြ ပါစေ ဗျာ........လာလည်သူ မိတ်တွေအားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
welcome from johnoopower.blogspot.com
  • ပင်မစာမျက်နှာ
  • ဘာသာရေး
  • နည်းပညာ
  • တိုင်းရင်းဆေး
  • ကဗျာ
  • ဗိုင်းရပ်စ်
  • မပြောသင့်တဲ့စကား
  • Friday, 25 November 2011

    ကြို့ထိုးဝေဒနာ ပျောက်စေဖို့ရာ

    ကြို့ထိုးဝေဒနာကို မကြာခဏရောက်လာတတ်သော (အာဂန္တုဝေဒနာ)မျိုးအဖြစ် သတ်မှတ်ကြသည်။
    သို့သော် ကြို့ထိုးလျှင် အလွန်ခံရခက် အနေရခက်တတ်သည်။
    ကြို့ထိုးခြင်း (hic-cougp)နှစ်မျိုးနှစ်စားရှိသည်။ ကြို့လေးထိုးနှင့် ကြို့ကြီးထိုးတို့ဖြစ်သည်။ 
    မြန်မာ့တိုင်းရင်းဆေးပညာအခေါ်မှာ ကြို့ထိုးလျှင် ဟိတ်--ဟိတ်--အသံရှိသဖြင့် ဟိက္ကာ-ဟု အမည်သတ်မှတ်ပါသည်။

    ကြို့ထိုးရခြင်းကိုလည်း လေအမျိုးငါးပါးရှိသဖြင့် (ပါဏလေ)ဟုခေါ်သော လေကြောင့် ဖြစ်ရသည်ဟု (ဘေသဠမဉ္ဇူသာဆေးကျမ်း)တွင် ဆိုပါသည်။
    ဆေးကျမ်းများတွင် ကြို့ထိုးဝေဒနာငါးမျိုး ပြဆိုပါသည်။

    (၁) အစားအသောက်ကို ဆင့်၍ဆင့်၍ မြန်မြန်စားသောကြောင့် နှလုံးတွင်တည်သော (ပါဏ) မည်သောလေသည် အထက်သို့ဆောင်၍ဖြစ်သော ကြို့ထိုးနာ(အန္နဇာ)။
    (၂) နှစ်ချက်ဆင့်ထိုးသော ကြို့ထိုးနာ(ယမကာ)။
    (၃) လည်ချောင်းနှင့် ရင်အထက်သို့ ဖြည်းဖြည်းတက်၍ ထိုးသော ကြို့ထိုးနာ(ခုခါဟိက္ကာ)။
    (၄) ချက်မှစ၍ ပြင်းထန်သော နက်သောအသံပြု၍ ရေငတ်ခြင်း ဖျားခြင်းတို့နှင့်ယှဉ်၍ဖြစ်သော ကြို့ထိုးနာ(ဂမ္ဘီရဟိက္ကာ)။
    (၅) တကိုယ်လုံးတုန်၍ နှလုံး၊ ဦးခေါင်းတို့တွင် နာကျင်၍ထိုးသော ကြို့ထိုးကြီး(မဟာဟိက္ကာ)တို့ ဖြစ်ကြသည်။


    ကြို့လေးထိုးလျှင်---
    (၁) အာရုံပြောင်းအောင် လုပ်ပေးလျှင် ပျောက်ကင်းတတ်ပါသည်။
    (၂)  စိတ်ဆိုးအောင် ပြုလုပ်လျှင်လည်း ပျောက်ကင်းနိုင်ပါသည်။
    (၃) တခုခုစားလိုက်လျှင်လည်း ပျောက်ကင်းတတ်ပါသည်။
    သို့သော် ကြို့ကြီးထိုးလျှင် အဆက်မပြတ်ထိုး၍ မခံနိုင်အောင် ဖြစ်လာတတ်ပါသည်။


    တအွတ်အွတ်နှင့် ကြို့ထိုးနေတတ်သည်။ အသက်ရှူရခက်တတ်သည်။ အင်အားလည်း ဆုတ်ယုတ်လာသည်။ ကြို့လေးထိုးလျှင် ခဏနှင့်ပျောက်ကင်းသော်လည်း ကြို့ကြီးထိုးလျှင် တော်တော်နှင့် မပျောက်ဘဲ လူလည်း ပင်ပန်းလှသည်။ အလွန်ဒုက္ခရောက်ပါသည်။
    နောက်ဆုံး အသက်ရှူရပ်သွားနိုင်သည်။ အသက်ကိုပင် ရန်ရှာတတ်သည်။


    သို့ကြောင့်-
    ဥဒါနလေနှင့်တကွ ပါဏလေသည် အသည်း၊ အူ၊ အဖျဉ်းတို့ကို ခံတွင်းမှ အပသို့ ထုတ်ပစ်သကဲ့သို့ ဟိတ် ဟိတ်-ဟူသော အသံနှင့်တကွ အဖန်ဖန်အထက်သို့ တက်၏။
    ထိုကြို့ဟုဆိုအပ်သော ပါဏလေသည် အသက်ကို သတ်တတ်၏-ဟု ဆေးကျမ်းများတွင် ဖော်ပြထားပါသည်။
    ကြို့ကြီးထိုးလျှင် အချို့မှာ ရက်ပေါင်း(၂၀)ခန့်အထိ ကြာတတ်သည်။
    ကြို့ထိုးဝေဒနာမဖြစ်မီ ဦးစွာ လည်ချောင်း ရင်တို့ လေးလာသည်။ ခံတွင်းအရသာ ဖန်လာသည်။ လေချုပ်လာသည်။ ဝမ်းရောင်လာသည်။ အွတ်--အွတ် နှင့် အသံမြည်လာသည်။
    ဤသို့ ကြိုတင်ဖြစ်လာတတ်သည်။


    သို့ဖြစ်၍ ကြို့ထိုးသူနာပြုစုနည်းကို ဦးစွာတင်ပြလိုပါသည်။
    ကြို့ထိုးသူသည် အသက်ကို ပြင်းပြင်းရှူပြီး အောင့်ထား နိုင်သမျှ ကြာကြာအောင့်ထားပေးရသည်။
    ဤသို့ပြုလုပ်၍ ကြို့ထိုးမရပ်သေးလျှင် ပါးစပ်ဟ၍ လျှာကိုဆွဲပြီး အသက်အောင့်နေရသည်။
    (သို့မဟုတ်) အေးသောရေကို ဖန်ခွက်တွင်ထည့်၍ မကြာခဏ အနည်းငယ်စီ စုပ်ပေးရသည်။
    (သို့မဟုတ်) ရေနွေးဖြစ်ဖြစ်၊ ရေအေးဖြစ်ဖြစ် တမိနစ်၊ နှစ်မိနစ်တခါ အာလုတ်ကျင်းပေးရသည်။
    ဤမျှနှင့် ကြို့မရပ်သေးလျှင် စက္ကူအိတ်ကြီးကြီး တလုံးကိုယူ၍ စက္ကူအိတ်တွင်းသို့ နှခေါင်းနှင့် ပါးစပ်ကို ထည့်ပြီး နှာခေါင်းနှင့်ပါးစပ်မှ ထွက်သက် ဝင်သက် ရှူပေးရသည်။
    အသက်ရှူသွင်း ရှူထုတ်လုပ်ပေးရသည်။ လေးငါးမိနစ်ကြာသည်အထိ တခါ တခါ လုပ်ပေးရသည်။ 
    ဤသို့လုပ်ပေးလျှင် ထွက်သက်ဖြစ်သော လေတွင်ပါသော (အသက်ရှူထုတ်လိုက်လျှင်ပါသော) ကာဗွန်ဒိုင်အောက်ဆိုဒ် (Carbon-dioxidc)သည် ကြို့ထိုးခြင်းကို ရပ်စေနိုင်သည်။


    ကြို့ထိုးသော ကလေးသူငယ်များအတွက် ဗိုက်ကို မိခင်ပခုံးနှင့် ဖိ၍ လေတက်အောင် ကျောကိုပုတ်ပေးရသည်။ ဤသို့လုပ်ပေး၍ မပျောက်သေးလျှင် လက်ဖက်ရည်ဇွန်းတွင် သကြားအနည်းငယ်ထည့်၍ ကလေးကို စုပ်ခိုင်းရသည်။
    ကြို့လေးထိုးလျှင် အသက်အောင့်၍ ရေကို ဖြည်းဖြည်းသောက်ချရသည်။ လေသွားလေလာ ပုံမှန်ဖြစ်လာပြီး အလွယ်နှင့် ကြို့ထိုးရပ်နိုင်ပါသည်။


    အလွယ်ဆုံးဆေးနည်းမှာ ကြို့လေးထိုးဝေဒနာအတွက် သကြားကို နှစ်ဇွန်းခန့် စားပေးခြင်းပင်ဖြစ်သည်။
    အောက်ပါဆေးနည်းများလည်း ကြို့ထိုးဝေဒနာကို ပျောက်စေနိုင်သည်---
    (၁) အုန်းသီးမှဖွဲကို ဆေးရွက်ကြီးနှင့် လိမ်းရှူပေးပါ။
    (၂) သင်္ဘောစေ့ရင့်ရင့်ကို ပျားရည်နှင့်အတူ ကြိတ်ဖျော်၍ ဆီးကင်းခန့်လုံးပြီး သောက်စေပါ။
    တခါသောက်လျှင် တလုံး၊ တနေ့ သုံးကြိမ်ဖြစ်သည်။
    (၃) ငါးရံ့ပတူမြစ်၊ ချင်းခြောက်၊ သကြားခဲ၊ ဆားပုပ် အားလုံး အမျှစီ အမှုန့်ပြု၍ စားပေးပါ။
    (၄) သကြားကို ရေကျက်အေးနှင့် အချိုများများဖျော်၍ တိုက်ပေးပါ။
    (၅) ကြို့ကြီးထိုးလျှင် ကြက်သွန်နီနှင့် ထန်းလျက် ဆတူညက်ညက်ကြိတ်ပြီး ကွမ်းသီးလုံးခန့် မနားဘဲ စားပေးပါ။
    (၆) ကြေးဖလားတွင် ရေအသင့်အတင့်ထည့်၍ ဇာတိပ္ဖိုလ်သီးကို အနည်းငယ်သွေးပြီး နှစ်ရွေးခန့်ထည့်ပါ။
    ပြီးလျှင် ကြို့ကြီးထိုးသူကို သောက်စေပါ။
    (၇) ဇာတိပ္ဖိုလ်သီးကို ပျားရည်နှင့်သွေး၍ တမူးသားရလျှင် လျက်ခိုင်းလိုက်ပါ။
    ကြို့ကြီးထိုးဝေဒနာ ချက်ချင်းသက်သာပျောက်ကင်းစေနိုင်သည်။
    သို့ကြောင့် ကြို့ကြီးထိုးသော်၊ ကြိတ်လေဇာတိပ္ဖိုလ်၊ တမူးကိုလျှင်၊ ပျားချိုတမတ်၊ နှောလတ်မွှေကာ၊ လျက်ပါစေလော့-ဟု ရှေးဆေးကျမ်းများတွင် ကဗျာစပ်ဆိုထားခြင်း ဖြစ်သည်။


    (၈) ကြို့ကြီးထိုးလျှင် သစ်ကြပိုး၊ ဆားပါသွေး၍ လျှာကို ပွတ်သပ်ပေးလျှင်လည်း ကြို့ထိုးဝေဒနာ ပျောက်စေပါသည်။
    (၉) သီးပင် (Elephant Apple)မှ သီးသီးအစိမ်းရည်တွင် ပိတ်ချင်းသီးမှုန့် အနည်းငယ်ထည့်၍ ပျားရည်နှင့်ရောပြီး လျက်စေလျှင်လည်း ကြို့ထိုးဝေဒနာ ပျောက်ကင်းပါသည်။
    (၁၀) နောက် ကြို့ထိုးပျောက် ဆေးနည်းတမျိုးမှာ စပွတ်(တရုတ်နံနံ) (celery will celery)ကို ပါးစပ်တွင်ငုံ၍ ထွက်လာသောအရည်ကို မျိုချပေးခြင်းဖြစ်သည်။
    (၁၁) ချင်းစိမ်းရည်ကို ယူပြီး ကြက်သွန်နီဥကို ညှစ်ထည့်ပါ။ ရသောအရည်ကို အသင့်အတင့်ရောသောက်လျှင် ကြို့ထိုးဝေဒနာ ပျောက်စေပါသည်။
    အော့အန်ခြင်းလည်း ပျောက်ကင်းသွားပါသည်။
    (၁၂)  ငရုတ်ကောင်းကို မီးကင်ပြီး အခိုးအငွေ့ ရှူပေးရုံနှင့်လည်း ကြို့ထိုးဝေဒနာ ပျောက်စေနိုင်သည်။
    (၁၃) အောင်မဲဖြူအစေ့ကိုလည်း ကြို့ထိုးခြင်းအတွက် အသုံးပြုနိုင်သည်။
    (၁၄) ကြို့ထိုးလျှင် သူငယ်စာ ငှက်ပျောသီးအစိမ်းကို စားပေးပါ။
    ယင်းသို့ ကြို့လေးထိုးနှင့် ကြို့ကြီးထိုးဝေဒနာများအတွက် အစွမ်းထက်ဆေးနည်းများကို အလွယ်နှင့်အသုံးပြုနိုင် ကြစေရန် တင်ပြလိုက်ရပါသည်။


    မောင်ကြည်ဝင်း (ထားဝယ်)

    No comments:

    Post a Comment

    ဝေဖန်မူလေးတော့ ရေးခဲ့ကြပါ ဗျာ............