မှန်သုံးချပ်
တိတ်ဆိတ်ခြင်းတွေကို စားသုံးရင်း
ဘ၀ဟာ နေ့ချင်းညချင်း ကြီးပြင်းလာခဲ့တယ်.
မှန်သားလက်လက်မှာရှိတဲ့ နေ့စဉ်ပုံရိပ်တွေက
ဒီရေအတက်အကျတွေကို လှည့်စားထားရဲ့…
မှန်ပေါ်ကလူ
မနေ့ကနဲ့ တူသေးရဲ့လား?
မှန်ထဲကလူ
ဒီနေ့မနက်နဲ့ တူသေးရဲ့လား?
မှန်ပြင်ကလူ
ဒီနေ့ညနေ ရှိနေဦးမလား?
တစ်ချို့က မှန်ထဲကို စူးစိုက်
ကိုယ့်မိုက်မဲမှုတွေကို ခုံရုံးတင်တယ်.
တစ်ချို့က မှန်ထဲမှာ သာယာ
ကိုယ့်အပြစ်အနာအဆာတွေကို ဖုံးဖိတယ်.
တစ်ချို့က မှန်ပြင်ထက် မိန်းမော
ကိုယ့်သောကတွေကို စီးမျောပစ်တယ်.
တစ်ချို့က မှန်ချပ်ကို ရိုက်ချ
အာဃာတတွေအတွက် ခုတုံးလုပ်ကြတယ်.
တစ်ချို့က မှန်ကင်းကို ငြင်ငြို
မှန်လွန်းလို့ အပြစ်သိုကြတယ်.
ကြေးမုံခုံးလည်း သူ့သမ္ဘာနဲ့သူ
ကြေးမုံခွက်လည်း သူ့အထာနဲ့သူ
ကြေးမုံပြင်လည်း သူ့နေရာနဲ့သူ
ရည်ရွယ်ချက်ပေါ်မူတည်ပြီး
ဆုံချက်တွေကို စုစည်းပေးကြတယ်.
အရွယ် ငယ်စဉ်က ကြေးမုံပြင်
အရာရာကို အရှိအတိုင်း ရှုမြင်ခဲ့တယ်.
နီးတော့လည်းနီးပေါ့
ဝေးတော့လည်းဝေးပေါ့
ဆုံချက်မိသလောက်ပဲ ဆွဲခဲ့မိတယ်.
အရွယ်လတ်တော့ ကြေးမုံခုံး
ကိုယ်မမျိုနိုင်တာကိုတောင်
ဝမ်းဗိုက်ထဲ ဆန့်အောင် ထည့်ကြည့်ချင်လာတယ်.
ဆုံချက်မိရင်ပြီးရော
ဗျောဗျောဗျောဆို ဆွဲချ
ပေါ်လာတဲ့ ပုံရိပ်က ကုန်းကုန်းကွကွ
အရွယ်ရင့်တော့ ကြေးမုံခွက်
ထင်တိုင်းမဖြစ်တော့ စိတ်ပျက်လာတယ်.
ကိုယ့်ရှေ့ လူဝ လာရပ်ရင် ပိန်ပြလိုက်
လူသိမ်လာရပ်ရင် ဖြိုးပြလိုက်နဲ့
ဟိုးဟိုးဟဟ လှောင်ရယ်သံတွေကြားမှာ
စိတ်ပျက်လက်ပျက် နှစ်သက်လာနေမိခဲ့တယ်.
ဒါမှမဟုတ်
နှစ်နှစ်ခြိုက်ခြိုက် စိတ်ပျက်နေခဲ့မိတယ်.
ခုတော့လည်း ကြေးမုံရယ်…
ဆုံချက်တွေက မှားတတ်လွန်းလို့
ဘယ်အရာမှ မလွဲချော်ဖြစ်အောင်
ထစ်ခနဲရှိ မှန်သုံးချပ်လုံး
ထုတ်သုံးဖို့ အသင့်ဖြစ်နေခဲ့ပြီလေ...
~ ရေခဲငှက် ~


No comments:
Post a Comment
ဝေဖန်မူလေးတော့ ရေးခဲ့ကြပါ ဗျာ............