ကျန်းမာရေးအတွက် အဓိကသော့ချက်များ (၂)
လူအများနှင့် အတည့်ဆုံး ဆေးတပင်---
မျက်စိနာနေသူ, ဆီးအဖြူရည်များ သွားနေသူ, သွေးတိုးရောဂါရှိသူတို့သည် ကြံဟင်းညွန့်ကို ဟင်းချိုချက်၍ သောက်လေ။ကြံဟင်းညွန့်ပင်သည် မြန်မာပြည်၌ အလွန်ပေါပါသည်။ ဈေးထဲတွင်လည်း ဝယ်၍ရသည်။ ကြံဟင်းညွန့် အရိုးရင့်ရင့် တပင်ကိုဖြတ်ပြီး စိုက်ပျိုးထားပါက အပင်အဖြစ်မြန်သည်။ (၁၂)ရာသီလုံး ရှင်သန်ပေါက်ပွားသောအပင် ဖြစ်သည်။ ကြံဟင်းညွန့်ကို အညွန့်၊ အရွက်၊ အရိုးနုတို့ကို စားသုံးနိုင်သည်။ ကြံဟင်းညွန့်လောက် လူသားတို့ကို အကျိုးပြုသော (ဝလံ)နွယ်ပင်ကို ကျွန်တော်မတွေ့ဖူးသေးပါ။ ကြံဟင်းညွန့်သည် စားပြီးနောက် စားသူကို အပြစ်တစုံတရာ မပြုဘဲ စားသူ၏ ဆီးနှင့်ဝမ်းကို
ပျော့ပျော့လေးသွားစေပါသည်။ အပုပ်များ၊ အပူများကိုလည်း ဝမ်းနှင့်အတူ ပါသွားစေသည်။
ထို့အပြင် ကြံဟင်းညွန့်သည် ဒေါသသုံးပါး ဖောက်ပြန်ခြင်းတို့ကို နိုင်နင်းလှသည်။ ထို့ကြောင့် ရှေးဆရာမြတ်တို့သည် လူမမာများနှင့် နာလန်ထခါစ (အဖျားပြတ်စ) လူနာများကို အထူးသဖြင့် ကြံဟင်းညွန့်ကို ဟင်းချိုချက်၍ တိုက်ကျွေးကြသည်။
ဤသို့ လူနာကို ကြံဟင်းညွန့်ဟင်းချိုချက်ကာ ဆေးချက်အဖြစ် တိုက်ကျွေးခြင်းဖြင့် ဆီး၊ ဝမ်းများမှန်ကာ လူမမာများ ချက်ချင်းနာလန်ထစေပါသည်။ ချက်ချင်းပျောက်ကင်းစေပါသည်။ ဤသည်မှာ ကြံဟင်းညွန့်၏ စွမ်းပကားပင်။
အထူးသဖြင့် ကြံဟင်းညွန့် (အဖြူ-အနီ) သည် လူသားတို့ကို ထာဝရအကျိုးပြုပြီး ကျန်းမာရေးအတွက် အလေးအနက်ထားရမည့် ဆေးပင်ဖြစ်သည်။
ကြံဟင်းပင် (ဝါ) ကြံဟင်းညွန့်ပင်သည် လူတို့အတွက် ခေါင်းမခဲရေး၊ ဝမ်းပျော့ပျော့သွားရေးအတွက် ထာဝရအကျိုးပြုရှာသော နေ့စဉ်စားသုံးနိုင်သည့် ဆေးပင်ဖြစ်သည်။
ထို့အပြင် ကြံဟင်းညွန့်ကို တို့စား၍ဖြစ်စေ၊ ဟင်းချိုချက်၍သောက်သည်ဖြစ်စေ၊ တမျိုးမျိုး ချက်ပြုတ် စားသောက်ပါက ပြင်းထန်စွာခံစားနေရသော အစာအိမ်ရောဂါရှင်များ၊ အစာအိမ်တွင် အနာဖြစ်၍ ဝေဒနာခံစား နေရသူများမှာ ထိုဝေဒနာက သက်သာပျောက်ကင်းနိုင်သည်။
အကယ်၍ အစာကို လုံးဝလက်မခံသော ဝေဒနာရှင်များအား ငါးရံ့ဖြစ်စေ၊ ငါးကြင်းသားဖြစ်စေ၊ ကြံဟင်းညွန့်နှင့် ရောပြုတ်ပြီး အရည်ကို မှန်မှန်သောက်သုံးပေးခြင်းဖြင့် ထိုပြင်းထန်သောရောဂါများက ပျောက်ကင်းစေနိုင်သည်။ အစာလည်း ဆေး၊ ဆေးလည်းအစာပင်။
ကြံဟင်းပင်၏ စွမ်းရည်---
ကြံဟင်းညွန့်ပင်သည် အငုပ်၊ အပုပ်၊ အခိုးနှင့် ပိုးရောဂါအမျိုးမျိုးတို့ကို နိုင်သည်။ ထို့အပြင် အူမတလျှောက် ကပ်ငြိနေသော အညစ်အကြေးတို့ကို ခွဲခြေဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။ကြံဟင်းညွန့်ရွက်များသည် အညစ်အကြေးများကို ခွဲခြေပြီးနောက် ဝမ်းနှင့်ဆီးတို့ကို တကြိမ်မှ နှစ်ကြိမ် သက်လျှောစေသည်။ အသက်ကြီး၊ သွေးအားနည်း၊ အကြောသွေးလေအားနည်းသူများ၊ ဆီးဝမ်းချုပ်နေသူ အသက်ကြီးများအတွက် များစွာအကျိုးပေးသော ဆေးဖက်ဝင်အပင် ဖြစ်သည်။
အထူးသဖြင့် ကြံဟင်းပင်သည် မျက်စိရောဂါ၊ ဆီးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွေးချိုရောဂါရှင်တို့နှင့် သင့်သည်။ ကြံဟင်းညွန့်ကို နေ့စဉ်စားသုံးပေးခြင်းဖြင့် ထိုရောဂါဝေဒနာများက သက်သာပျောက်ကင်းနိုင်သည်။
ထို့အပြင် ကြံဟင်းညွန့်ပင်သည် ချွေးအညစ်အကြေး၊ သွေးအညစ်အကြေး၊ မီးယပ်သွေးကျန် အညစ်အကြေးများနှင့် အလွန်သင့်မြတ်သော ဆေးဖက်ဝင်အပင် ဖြစ်သည်။ ထို့ကြောင့် ရှေးဆေးကျမ်းတို့၌ ကြံဟင်းပင်ကို မလဘေဒန-ဟူ၍ ဂုဏ်တင်ရေးသားကြပါသည်။

No comments:
Post a Comment
ဝေဖန်မူလေးတော့ ရေးခဲ့ကြပါ ဗျာ............