အိပ်မက်ထဲက ကောင်မလေးရယ် ...
ငါ့မှာ ... နှလုံးရောဂါကြောင့်
အသက်ရှူလို့ မ၀, ဘူး ။
ပင်လယ်ထဲမှာ ရှိနေပါလျှက်
ရေငတ်နေတဲ့ သူ ...၊
လေထုထဲမှရှိနေပါလျှက်
အသက်ရှူကျပ်နေတဲ့ သူ ...၊
အိပ်မက်ထဲမှာ ရှိနေပါလျှက်
အိပ်မက်ကို မပိုင်ဆိုင်တဲ့ သူ ...၊
တကယ်တော့, ငါဟာ
အပူမီးတွေ ၀ိုင်းရံနေတဲ့ ...
မီးထဲက လူတစ်ယောက်ပါ ။
ငါ့မှာ ... ,
ပျော်ရွှင် တမ်းမက်စရာ ဆိုလို့
အိပ်မက်တွေပဲ ရှိပါတယ် ။
အိပ်မက်ထဲက ကောင်မလေးရယ် ...
ငါ့ အိပ်မက်ထဲကနေ
ဟိုး ... အဝေးကို
မင်း ထွက်မပြေးသွားရင်ပဲ
ငါ ... ကြေကွဲရကျိုး နပ်ပါတယ် ။
မျက်ခုံး လှလှလေး ၊
မျက်တောင် ကော့ကော့လေး ၊
မျက်ဝန်း စင်းစင်းလေး ၊
နှုတ်ခမ်း ထူထူလေး ၊
အသား ဖြူဖြူလေး ၊
ပြီးတော့ ... ,
ကလေးငယ် တစ်ယောက်လို ...
ပြုံးတတ်သေးတယ် ။
အဲ့ဒီ အပြုံလေးကြောင့်ပဲ
ငါ ...,
မင်း ရှေ့ကို
အမြဲတမ်း ရောက်နေခဲ့ရတာ ။
စိတ်မဆိုးပါနဲ့
အိပ်မက်ထဲမှာ
ငါ , မင်းကို နမ်းမိတယ် ...။
အိပ်မက်ထဲမှာလေ...
မင်း နဲ့ ငါ ,
ပျော်နေလိုက်ကြတာ ...
ကိုယ့် ကိုယ်ကိုယ်တောင်
မေ့နေကြသလိုမျိုး ။
ပျော်လွန်းလို့ပါ ကောင်မလေးရယ် ...
မင်းကို နမ်းမိတယ် ။
အိပ်မက်ထဲမှာ
မင်း ... ငါ့ကို
မျက်လုံး စင်းစင်းလေးနဲ့
ခေါင်းငဲ့ပြီး စိုက်ကြည့်နေတာ ...
ငါ ကလည်း
အဲ့ဒီ မျက်လုံးစင်းစင်းလေးကြောင့်
မင်း ပါးပြင်ကို နမ်းလိုက်မိတာ ...
အခုထိ ,
ရင်ခုန်နေမိတုန်းပါ ကောင်မလေးရယ် ။
အိပ်မက်ထဲက ရင်ခုန်သံ
ညရဲ့နံရံကို ထိမှန်ပြီး ...
အိပ်ပျော်နေပေမယ့် မင်းရဲ့
ရင်ထဲကို ကူးစက်သွားရင်
ဘယ်လောက်ကောင်းလိုက်မလဲ။
တို့နှစ်ယောက်
အိမ်မက်ထဲမှာ အတူတူရှိနေကြတာ
မင်း...သိပေးပါ ကောင်းမလေးရယ်။
ငါ့ ရင်ခုန်သံကို
မင်းရဲ့ အိမ်မက်ထဲကတဆင့်...
ငါ...
ပြောပြခွင့် ရချင်တယ်။
အိမ်မက်ထဲမှာ
လာပြောပါရစေ...။
မင်းကို ချစ်နေတဲ့ကြောင်း ၊
မင်းကို သတိရတတ်တဲ့အကြောင်း ၊
မင်းကို ထိုင်ငေးကြည့်နေချင်တဲ့အကြောင်း ၊
ပြီးတော့...,
မင်းကို အမြတ်တနိုး
အနမ်းခိုးလေး ပေးမိတဲ့အကြောင်း
အိပ်မက်ထဲက
မနိုးထ ချင်ဘူး ကောင်မလေးရယ်.....။
အိပ်မက်က
လန့်နိုးပြီဆိုတာနဲ့....,
လောကကြီး
ဆူညံလွန်းတယ်... ။
ခွေးတွေ ... ဟောင်တယ်၊
ကျီးကန်းတွေ ... အာတယ်၊
လေထုညစ်ညမ်းတယ် ၊
လူတချို့ ... အစွယ်ထွက်တယ်၊
ဘတ်(စ်)ကားတွေ ... ကျပ်တယ်၊
ကွန်းတံတွေးတွေ ... ပေတယ်၊
မိတ်ကပ်တွေ ... ရောင်းတယ်၊
သနပ်ခါးတွေ ... ပျက်တယ်၊
သီချင်းသံတွေ ... ငါးမျှားတယ်၊
ကုမ္ပဏီတွေ ... ဆိုင်းဘုတ်တင်တယ်၊
ဆယ်လူလာဖုန်းတွေ ... ရုပ်ရှင်ရိုက်တယ်၊
စည်းမဲ့ သူတွေကြောင့်
ရေအိုင်လေးတွေ ... ရေနောက်ကုန်တယ်၊
မြစ်ကို ကန့်လန့်ဖြတ် လှော်ခတ်နေစဉ်မှာ
ဇိမ်ခံသင်္ဘောတစ်စီး
မြစ်ကျောတစ်လျှောက်မှာ သီချင်းဆိုတယ်၊
အဲ့ဒါတွေ ...,
အဲ့ဒါတွေကို ကျောခိုင်းပြီး
နံဘေးကို ငဲ့ကြည့်မိတဲ့အခါ ...
( ကောင်မလေး ရယ် )
မင်း မျက်နှာလေးကို မြင်ရတယ်၊
ငါ ...,
နေကောင်းသွားတယ် ။
အသက်ရှု ကျပ်နေပေမဲ့
အသက်ရှူ ရပ်မသွားသေးတာ ...
မင်းကြောင့်ပါ ။
လေထဲက အောက်ဆီဂျင်တွေ
အကုန်မရပေမဲ့
မင်းရဲ့ ပါးပြင်ကို
ရှပ်တိုက်လာတဲ့ လေပြေထဲမှာ
သနပ်ခါး ရနံ့လေးတွေ ပါလာတယ် ။
မင်းရဲ့ နံ့သာရနံ့နဲ့
မင်းရဲ့ ကိုယ်သင်းရနံ့
အားလုံး ...
ငါ့ ရင်ထဲကို ရောက်လာတဲ့အခါ
ရနံ့တွေ အကုန်လုံး
အောက်ဆီဂျင်တွေ ဖြစ်သွားတယ် ။
အိပ်မက်ထဲက ကောင်မလေးရယ် ...
မင်းတစ်ယောက်တည်းသာလျှင်
ငါ့ရဲ့ ... ထိပ်ထား
ငါသာလျင် ...
မင်းရဲ့ ... အစေအပါး၊
မင်းရဲ့ ... ကိုယ်ရံတော်၊
မင်းရဲ့ ... အိပ်ဖန်စောင့်၊
အိပ်မက်တွေကိုသာ
တိုင်တယ်လို့ရရင်
ငါ ...
ရင်မဖွင့်ချင်ပါဘူးကွယ်။
အိပ်မက်များသာလျင်
ငါ့ရဲ့ ... တမန်တော်
ငါ့ရဲ့ ... သ၀ဏ်လွှာ၊
အိပ်မက်များသာလျင်
ငါ ... အားထားရာ
သီးသန့်တိုင်းပြည်။
အိပ်မက်တွေကိုသာ
ငါ ... ပိုင်စိုးခွင့်ရရင်
ငါ ... အိပ်မပျော်ချင်ပါဘူးကွယ်။
ကောင်မလေးရယ် ...
မင်း ... ပြုံးပြပါ။
ဒါပေမယ့် ငါအိပ်ပျော်နေရင် ...
မနှိုးပါနဲ့။
ငါ့အိပ်မက်လေး
ထွက်ပြေးသွားမှာဆိုးလို့ပါ။
အိပ်မက်ထဲမှာ ...
လူတွေအားလုံး`
တို့နှစ်ယောက်လို ချစ်ကြတယ်။
အိပ်မက်ထဲမှာ ...
သူတို့အားလုံး
စစ်ပွဲတွေကို မုန်းကြတယ်။
အိပ်မက်ထဲမှာ ...
ငါတို့အားလုံး
အတူတကွ ပြုံးကြတယ်။
ကောင်မလေးရယ် ...
ငါ့ကို မင်းမုန်းတဲ့နေ့
ကမ္ဘာမြေတခွင်လုံး ...
အိပ်မက်တွေ ပျောက်ဆုံးသွားလိမ့်မယ်။
အိပ်မက်ဆိုတာ
ငါ့ရဲ့အနာဂတ်ပါကွယ်။
အိပ်မက်တွေ
ပျက်သုန်းသွားပြီဆိုတာနဲ့
ငါ့ မနက်ဖြန်တွေ ...
အသက်ရှုရပ်တော့မယ်။
အိပ်မက်ထဲကကောင်မလေးရယ်။
ငါ ...
မမြင်ဘူးသေးတဲ့ အနာဂတ်အသစ်ကြီး
သန့်တန့်ပေါ်မှာ တွယ်ချိတ်ဖို့
အိပ်မက်တွေ ဆက်မက်ခွင့်ပြုပါ ။
ငါ့ ရဲ့ ရင်တွင်းကမ္ဗည်းထက်က
စိမ့်ထွက်ယိုစီး လာတဲ့ ...
ငါ ... ချစ်သော ကောင်မလေး၊
ငါ ... မြတ်နိုးသော ကောင်မလေး၊
ငါ ... ကြင်နာသော ကောင်မလေး၊
ငါ ... မမွှေးရက်တဲ့
ပန်း ဖွေးဖွေးလေး
တစ်ပွင့် .....။ ။

ကဗျာလေးကကောင်းပါတယ်.....၀င်ဖတ်သွားတယ်နော...........
ReplyDelete